Sunday, April 20, 2014

လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကိုစောင့်စည်းစို့



“လူသားအချင်းချင်း၊ အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့။” ဆိုတာကတော့ ပန်းစကားလှုပ်ရှားမှုရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဘာသာမတူ၊ လူမျိုးကွဲတွေကြား လူအချင်းချင်း တဦးနဲ့တဦး အမုန်းပွား၊ ရန်များစေမယ့် စကားတွေ မပြောဆိုမိစေဖို့ ကိုယ့်နှုတ်ကို ကိုယ်စောင့်စည်းကြပါလို့ ပန်းစကားလှုပ်ရှားသူတွေက တိုက်တွန်းထားတာပါ။

ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်နေသူကတော့ လူငယ်တစ်ဦးဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ဖြစ်ပါတယ်။ အင်မတန်မှ လေးစားစရာ ကောင်းတဲ့ လူငယ်တစ်ဦးပါ။ ဒီလိုငြိမ်းချမ်းမှုတွေကို ဦးဆောင်၊ဦးရွက်ပြုသူတွေဟာ ကမ္ဘာ့အမြင်ရှိသူတွေဖြစ်ပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ရှေးရှုပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် လူငယ်ပီပီ တက်တက်ကြွကြွနဲ့ ဦးဆောင်ပြလိုက်တာပါ။ သူ ဗွီအိုအေသတင်း ဌာနကိုပြောကြားသွားတဲ့ စကားလေးကိုလည်းကြည့်လိုက်ပါအုံး။

“အဓိကကတော့ Online ပေါ်မှာရော၊ အပြင်မှာရော တရားလက်လွတ်ပေါ့ အဲ့လိုမျိုး လူသားတွေကြားထဲမှာ အမုန်းပွားစေတဲ့ စကားမျိုးတွေ သိတယ်မဟုတ်လား၊ ပြီးတော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့ စကားမျိုးတွေ အင်တာနက်ပေါ်မှာရော၊ အပြင်မှာရော ပြောတာတွေ တော်တော်များများကို များလာတယ်ပေါ့နော်။ ရလာတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တလွဲသုံးပြီးတော့ပေါ့ အဲ့လိုမျိုးလုပ်တဲ့ဟာတွေ တော်တော်လေးကို များများစားစား တွေ့လာရတယ်။ နောက်ပြီးတော့ တချို့ဟာတွေကလည်း လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာကောင်းတဲ့ စကားမျိုးတွေ၊ ပြောနေကြတာ၊ လိုက်ဖြန့်ဖြူးနေကြတာ တွေ့လာရတော့ အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီး နည်းနည်းစိုးရိမ်စိတ်ရှိတဲ့ အဖွဲ့တွေပေါ့နော် ကျနော်တို့ မီဒိုပါတယ်၊ နောက် ပေါင်းကူးတို့ SPS တို့ အဲ့လိုမျိုး လူမှုအခြေပြုအဖွဲ့လေးတွေ ပေါင်းပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး တခုခုတော့ လုပ်ကြရင် ကောင်းမယ်လို့ တိုင်ပင်ဖြစ်ရာကနေ ဒီပန်းစကားလှုပ်ရှားမှုလေး ပေါ်ပေါက်လာတာပေါ့။”

အမှန်က ဒ်ီလို လူတစ်ဦးနဲ့တစ်ဦး အမုန်းတွေမပွားကြဖို့၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခု လေးလေးစားစားနဲ့ သင့်သင့်မြတ်မြတ် နဲ့နိုင်ထိုင်ကြဖို့၊ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးဖို့က အာဏာသုံးရပ်ကို မတရားတဲ့နည်းနဲ့ ( ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ကို မတရားပြဌာန်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲလိမ်၊မဲခိုးပြီး) ရယူထားတဲ့ ဗိုလ်သိန်းစိန်အစိုးရအပေါ်မှာ တာဝန်ရှိပါတယ်။ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင်၊ တရားဥပဒေစိုးမိုးအောင် လုပ်ရမယ့်အစား သမ္မတ ဆိုတဲ့ ဗိုလ်သိန်းစိန် ကိုယ်တိုင်က လက်ဆောင်ပဏာယူရင် (လာဘ်စားရင်) သုံးသိန်းထက်ပိုမယူဖို့တို့၊ ဝန်းကြီးတစ်ယောက်ဖြစ်တဲ့ ဗိုလ်အုံးမြင့်က နယ်လှည့်ပါးရိုက်လာတာတို့၊ တော်တော်ဆိုးတယ်ဗျာ..အစိုးရအဖွဲ့နဲ့မတူဘူး..လူမိုက်အဖွဲ့အစည်းကြနေတာပဲ။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ (ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ) လုပ်သွားတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာလည်း ဗိုလ်မင်းအောင်လှိုင်အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ်ထားတဲ့ သဘောထားက တော်တော်လေးဆိုးရွား၊ အနိုင်ကျင့်လွန်းရာရောက်ပါတယ်။ တိုင်းရင်းသားတွေလိုချင်နေတာက တန်းတူရေး၊လူ့အခွင့်အရေးတွေကို အာမခံနိုင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစံနစ်။ အဲဒီဆွေးနွေးပွဲမှာပဲ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်တပ်ကနေ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ “ပြည်တွင်းစစ်၊ တော်လှန်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်” စတဲ့ စကားလုံးတွေ မသုံးစွဲရ၊ ဖြုတ်ပယ်ပေးရမယ်တဲ့။ ကြည့်ကြပါအုံးဗျာ..တွေ့ဆုံဆွေးနွေးကြတယ် ဆိုတာ ပြဿနာတွေ မပြေလည်တဲ့အတွက်ကြောင့်မို့ ညှိနှိုင်းအဖြေရှာကြဖို့ အတွက်ကို တွေ့ကြတာပါ။ ဆွေးနွေးကြပြီဆိုရင်လည်း တဖက်နဲ့တဖက် အပေးအယူတွေနဲ့ လျှော့ပေးသင့်တာကို လျှော့ပေးမှ ဆွေးနွေးပွဲဟာအောင်မြင်မှာပါ။ တိုင်းရင်းသားတွေတောင်းဆိုနေတာလဲ မတရားသဖြင့် တောင်းဆိုနေတာမဟုတ်ပါဘူးဗျာ။ သူတို့ရဲ့ မူလအခွင့်အရေးတွေဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို တောင်းဆိုနေတာပါ။ ပြည်မကနေခွဲထွက်ဖို့လည်းသူတို့မှာဆန္ဒတွေမရှိကြပါဘူး။ ဘာမှနားမလည်တဲ့ စစ်တပ်ကသာ ဖယ်ဒရယ်ဆိုရင်ပဲ တိုင်းပြည်ကနေခွဲထွက်တော့မယ်ဆိုတဲ့ မတရားတဲ့၊ မနာလိုတဲ့၊ သူ့တို့ရဲ့ စည်းစိမ်ချမ်းသာတွေကို တိုင်းရင်းသားတွေက လုယူတော့မှာ ပဲဆိုတဲ့ တလွဲအတွေးတွေနဲ့ မတရားအနိုင်ကျင့်လိုတဲ့ စိတ်ဓါတ်တွေနဲ့ ခါးခါးသီးသီးငြင်းဆန်နေတာပါ။

၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ရင်လည်း ရွေးကောက်ပွဲဘယ်မှာနေမှန်းမသိဘူး အခုကတည်းက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဖြစ်တဲ့ ဗိုလ်တင်အေးကနေ မတရားတဲ့ ဥပဒေတွေထုတ်ဖို့ လုပ်ဆောင်နေတယ်။ သူတို့ပြောတော့ မြန်မာပြည်ဟာ ဒီမိုကရေစီစံနစ်ဆီကို ဦးတည်လျှောက်လှမ်းနေပါပြီဆို၊ ဘယ်မှာလည်း လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေ။ လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံး တဲ့အခါ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင်ရောက်အရွေးခံ တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ စည်းရုံးဟောပြောခွင့်ပြုမယ်တဲ့။ လုပ်ပုံကကြည့်။ ခွေးကျင့်၊ ခွေးကြံတွေကြံနေပြီ။ သူတို့သိနေတယ်လေ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက NLD လည်းမပါဘူး၊ မဲတွေကိုခိုးပြီးနိုင်လာတယ်ဆိုတာ။ အခု ၂၀၁၅ ရွေးကောက်ပွဲ လုပ်ဖြစ်ရင် NLD လည်းပါမယ်၊ ရွေးကောက်ပွဲ စောင့်ကြည်နေမယ့်သူတွေလည်းရှိတယ်ဆိုတော့ ဖွတ်တွေနိုင်စရာ မရှိဘူးဆိုတာကို ကြိုသိ နေတော့ အခုကတည်းက ယုတ်မာဖို့ ကြံစီနေကြတာလေ။ တင်အေးရေ..မင်းလုပ်ရဲရင်လုပ်ကြည့်ပေါ့ကွာလို့ပဲ သတိပေးလိုက်မယ်။ နောက်ပြီး ထပ်ပြီးသတိပေးချင်တာက နိုင်ငံတကာမှာရောက်နေတဲ့ ဒီမိုလှုပ်ရှားနေသူတွေအနေနဲ့လည်း တိုင်းပြည် ရဲ့အခြေအနေတွေကို ခင်ဗျားတို့ သတိထားမိနေမှာပါ၊ ကျနော်တို့ လိုချင်နေတဲ့ ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးပါဘူး၊ ထပ်ပြီး အားထည့်ပြီးလုပ်ကြဖို့လိုသလို၊ ဒီမိုကရေစီကို ဗန်းပြပြီးနေသူတွေအနေနဲ့လည်း ဒီမိုကရေစီကို သစ္စာမဖောက်ကြပါနဲ့လို့ပဲပြောချင်ပါတယ်။

“ကောင်းတဲ့ပါဝင်မှုတွေ၊ ကောင်းတဲ့တုံ့ပြန်မှုတွေ ရသလိုပဲ ဒီပန်းစကားလှုပ်ရှားမှုကို မင်းတို့ကဘာလဲပေါ့နော် နှုတ်ပိတ်ခိုင်းတာလား။ ဘာမှမပြောဘဲ နေရမှာလား ဆိုပြီးတော့ နားလည်မှု လွဲနေတာလေးတွေရှိတယ်။ အဲ့ဒါကိုလည်း ကျနော်တို့က သေချာရှင်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပန်းစကားလှုပ်ရှားမှုက ဘာမှမပြောဖို့ နှုတ်ပိတ်ထားဖို့အတွက်ကို လုံးဝ မပြောပါဘူး။ လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ ပြောသင့်ပြောထိုက်တာကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပြောဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုယ်ပြောလိုက်တဲ့စကားကြောင့် လူ့အဖွဲ့အစည်းထဲမှာ အမုန်းတွေ ပွားနေမယ်ဆိုတဲ့ စကားမျိုး ပြီးတော့ လူသားမျိုးနွယ်စု၊ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိစေတဲ့ စကားမျိုးတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောကြဖို့ကို ကျနော်တို့က ပြောတာပါ။”

အားလုံးကိုလေးစားလျက်
ဝင်းလှိုင်

No comments: