Friday, November 28, 2014

{ ငါ့မှာ ကျောင်းမရှိဘူး }

ရေးသားသူ — ခန့်နေသူတိုး


ငါတို့ မြို့မှာ စာသင်ကျောင်း ၄ ကျောင်းရှိတယ်။
တစ်ကျောင်းနဲ့ တစ်ကျောင်းဟာ သင်ကြားပေးနေကြတဲ့ ဘာသပ်ရပ်ချင်းတွေ မတူဘူး။
ကျောင်းဝတ်စုံတွေကလည်း အရောင် ကွဲပြားတယ် ။
ပြီးတော့ ကျောင်းတွေ တစ်ကျောင်းနဲ့ တစ်ကျောင်းက ကျောင်းသားတွေချင်း ၊ ဆရာတွေချင်းလည်း သိပ် အစီးမကပ်ကြ။
ယုံကြည်ချက် ၊ ခံယူချက်တွေ မကိုက်ညီကြ ။
ဒါပေမယ့် အားလုံးမှာ တူညီတဲ့ ခံယူချက်တော့ရှိတယ်။
ဘာလဲဆိုတော့ ဒီမြို့မှာ အခြားကျောင်းတွေ မရှိတော့ပဲ ကိုယ့်ကျောင်း တစ်ကျောင်းတည်း သာလျှင် ကျန်ရှိတော့မှ မြို့ကလေး ငြိမ်းချမ်းမယ်
ဆိုတဲ့ အတွေးပဲ ဖြစ်တယ် ။
သို့သော် ဒီစိတ်ဟာ လူအားလုံးမှာ ရှိတာတော့ မဟုတ်ဘူး။
ကျောင်းဆရာတွေထက် ကျောင်းသား ၊
ကျောင်းသူတွေမှာသာ ပိုလို့ ပြင်းထန်နေကြတယ်။
ဒီဖက်ကျောင်းက ကျောင်းသားတစ်ယောက် ကျောင်းထွက်ပြီး ဟိုဖက်ကျောင်းကို သွားတက်ပြီဆို အဲဒီကျောင်းက ဝမ်းမြောက်စွာ
ကြိုဆိုကြတယ်။

ပွဲတွေလန်းတွေနဲ့ ဂုဏ်ယူကြောင်း ပြသကြတယ်။
ဒါပေမယ့် အဲဒီ အသစ်ရောက်လာတဲ့ ကျောင်းသားတွေဟာ စာတော်တဲ့ ကျောင်းသားတော့ ဘယ်တုန်းကမှ မဖြစ်လာခဲ့ကြဘူး ။
ဒါပေမယ့်လည်း အခြားကျောင်းက ပြောင်းလာတဲ့ ကျောင်းသားတွေကို ကျောင်းတွေကတော့ အစဉ်အလာမပျက် ကြိုဆိုကြဆဲ ၊ ချီးမွမ်းဂုဏ်ပြုကြဆဲပါပဲ။
ငါ့အဖိုးတို့ လက်ထက်ကတည်းက ငါတို့မြို့က လူတွေ အဲဒီကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားခဲ့ကြတယ်။
ကျောင်းမတက်ရင် ပညာမတတ်ဘူး ဆိုတဲ့ အယူအဆနဲ့ မိဘတွေက ကျောင်းတွေဆီ အတင်းပို့လွှတ်ခဲ့ကြပေမယ့် ပုံမှန်အားဖြင့်တော့ ကျောင်းသား ၁၀ ရာခိုင်နှုန်းလောက်သာ ပညာတတ်တွေ ဖြစ်ခဲ့ကြပြီး ကျန် ၉၀ ရာခိုင်နှုန်းကတော့ ကျောင်းချင်း ပြိုင်တဲ့ အစွန်းရောက် လူဆိုးလူမိုက်တွေပဲ ဖြစ်သွားကြရတယ်။

ဒါကို ကျောင်းဆရာတွေကလည်း သိတယ်။ သိသော်လည်း ဒီပြသနာကို မကိုင်တွယ်ရဲကြဘူး။
ကျောင်းတွေ ရေရှည် ရပ်တည်ဖို့က ကျောင်းသားတွေ လိုတယ်။
အစွန်းရောက်တဲ့ ကျောင်းအစွဲရှိသူ လူဆိုးလိုမိုက် ၉၀ ရာခိုင်နှုန်းကိုသာ ကျောင်းတွေကနေ ထုတ်ပြစ်လိုက်ရရင် ကျန်တဲ့ ကျောင်းသား ၁၀ ယောက်
လောက်နဲ့ ဘယ်လိုမှ ကျောင်းတွေကို ရပ်တည်လို့ ရမှာ မဟုတ်ကြောင်းကို ကျောင်းတိုင်းက ဆရာတိုင်းဟာ ကောင်းကောင်း နာလည်နေကြတယ်။

ဒီတော့ ဒီပြသနာကို ဖြေရှင်းဖို့ အစ မလုပ်ရဲဘူး။
ကျောင်းသားတွေရဲ့ စိတ်ကို မပြုပြင်ပေးရဲကြဘူး။
သဘောကတော့ စာတော်တဲ့ ကျောင်းသား ဆယ်ယောက် လောက်အတွက် ကျန်တဲ့ ကျောင်းသား ၉၀ လောက်က လူဆိုးလူမိုက် အဖြစ် အနစ်နာခံ စတေးပေးနေရတဲ့ သဘောပဲ။
အနစ်နာခံနေရတဲ့ ကျောင်းသားတွေကလည်း ဒါကို ဂုဏ်ယူတယ်။
သူတို့မှ မဟုတ်ဘူး .. ဟိုး အစဉ်အဆက် အဘိုး အဘေး လက်ထက်ကတည်းက ဒီလိုပဲ လူတွေဟာ ကျောင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့ကြတယ် လို့ .. သူတို့ ကျောင်းမှာ သင်ထားခဲ့ရတာက သူတို့ အရိုးအထိ စွဲနေတယ်။
ငါလည်း ငယ်ငယ်က အရွယ်ရောက်ရင် ကျောင်းတက်ရမယ် လို့ပဲ ထင်ခဲ့တယ်။
ဒါပေမယ့် ငါ အရွယ်ရောက်တော့ ငါ့အဖေက ငါ့ကို ဘယ်ကျောင်းမှ မပို့ခဲ့ဘူး။

ငါ့ အဖေ .. ငါ့ကို ပြောတာက
“ ငါ့ သား .. မင်းဟာ ဘယ်တော့မှ လူတွေကို မစတေးရဘူး ..
ပြီးတော့ လူတွေရဲ့ အစတေးခံလည်း ဘယ်တော့မှ မဖြစ်စေရဘူး” တဲ့။
ငါ့ အဖေက အရင်တုန်းက ကျောင်းဆရာ ဖြစ်ခဲ့ဖူးတယ်။
ဒီတော့ ငါ့ကို အိမ်မှာပဲ စာသင်ပေးတယ်။
ငါ့မှာ ကျောင်းမရှိဘူး။
ဒီတော့ ကျောင်းဝတ်စုံလည်း ဝတ်စရာ မလိုသလို.. ငါတို့ မြို့မှာ ရှိတဲ့ ကျောင်းပေါင်းစုံက ကျောင်းသားတွေ ဆရာတွေနဲ့လည်း ဘာပြသနာမှ ဖြစ်စရာ မလိုတော့ဘူးပေါ့။
ငါ့ကို ကျောင်းမရှိလို့ စာမတတ်ဘူးလို့ ထင်သူရှိရင် လာခဲ့ကြ။
လွတ်မြောက်ခြင်း ၊ ငြိမ်းချမ်းရေး ၊ ချစ်ခြင်းမေတ္တာ ၊ ပြန်လှန်လေးစားစိတ် ၊ အနစ်နာခံမှု ၊ ကိုယ်ချင်းစာတရား ၊ နိမ့်ချဆက်ဆံ .. စတဲ့ မင်းတို့ မင်းတို့ တက်နေတဲ့ ကျောင်းတွေက သင်ပေးနေတဲ့ ဘာသာရပ်တွေ အကြောင်းကို ပြဌါန်းစာအုပ်မကြည့်ပဲ အလွတ်ဆွေနွေးကြမယ်။
ငါဟာ .. ဘယ်သူ့ကိုမှလည်း မစတေးခဲ့ဘူး ..
ဘယ်သူရဲ့ အစတေးကိုမှလည်း မခံခဲ့ဘူး။
ဒါကြောင့် .. ငါ့မှာ ကျောင်းမရှိဘူး။

No comments: